မဆုံနိုင်တော့တဲ့
မျက်ဝန်းတစ်စုံကိုလွမ်းမိတိုင်း ...။
ခြားနားမှု စည်းတစ်ဘက်က
ပြန်မရနိုင်တဲ့
နေ့ ည တွေကို သတိရတိုင်း
အတိတ်က မေ့မရသေးတဲ့
အပြုံးစတွေကို တမ်းတတိုင်း
အလွမ်းညတာတွေလဲ ရှည်ခဲ့ရတယ် ...။

နီးစပ်နိုင်ခွင့်မရှိတဲ့ ဘ၀မှာ
စည်း ဆိုတာက ခြားခဲ့ပြန်တော့
နားလည်မှုနိယာမတွေနဲ့
အဆုံး အစတွေ မဲ့စေခဲ့ကြတယ် ...။

တစ်သက်တာရဲ့
ခွဲခွာမှုလမ်းဆုံးမှာတောင်
အသိအမှတ်မပြုဖြစ်ကြတဲ့အခါ
နှလုံးသားဟာလည်း
အခါခါသေရတယ် ...။

ရေးဖြစ်ခဲ့တဲ့
အခန်းဆက် ၀တ္တုတွေတိုင်းက
ကမောက်ကမ
စည်းချက်မလှမပ ကဗျာတွေ ရေးချရင်း
မင်းကိုလွမ်းတဲ့ ညတွေတိုင်းကလဲ
မိုးလင်းဖို့ ခက်လှပြန်တယ်....။

ကံကြမ္မာကပဲ အငြိုးဖွဲ့တာလား
သံသရာကပဲ အကြွေးရှိခဲ့တာလား
တစ်ကြိမ်တစ်ခါ ဆိုရုံလေးချစ်ခဲ့ကာမှ
အကြိမ်တစ်ရာမက နာကြင်ခဲ့ရတာ
ဘာကြောင့်များလဲကွယ်...။

မဆုံနိုင်တော့တဲ့ သံသရာထဲမှာ
ငါပိုင်ဆိုင်သမျှ အချစ်၊အလွမ်း သစ္စာ .....
အလေးနက်ဆုံး နှလုံးသားကတစ်ဆင့်
အရာ အားလုံးကို အပ်နှင်းခဲ့မယ်
ငါ့ရင်ခွင် နွမ်းကြွေသမျှ ....
မင်း တစ်ယောက်တည်း အတွက်ပါကွယ်....။

သီချင်းလေးတစ်ပုဒ်နားထောင်ရင်းကနေ ခံစားချက်အပြည့်နဲ့ ချရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ...။ ကိုယ်တွေ့လားလို့တော့ လာမမေးကြနဲ့....ကြိုပြောထားတာနော် ... မဖြေဘူး သတ်ပစ်လိုက်....။
အားလုံးကို ခင်တဲ့

နှင်းဟေမာ
27 July 2009

0 မှတ်ချက်:

Post a Comment