အလွမ်းတွေ တနင့်တပိုးနဲ့
ကြိုးပြတ်သွားတဲ့ စွန်တစ်ချပ်မှာ
ရင်ဘတ်ထဲက ဒဏ်ရာ ၊ ဒဏ်ချက်တွေလည်း
လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်.....။
အသေအချာ မျှော်လင့်ခဲ့ရတဲ့ ရက်စွဲတွေ
အငွေ့ပျံ ပျက်ပြယ်သွားပြီဆိုတော့
ကိုယ်တိုင် သီကုံးခဲ့တဲ့
တေးသီချင်းတွေလည်း သံစဉ်အောက်မှာ
မလှပတော့ဘူး..........။
နှလုံးသားစောင်းကြိုးညှိရာသီအောက်မှာ
ရင်ဘတ်ထဲက ရှိုက်သံတွေ
မွန်းတဲ့နေလိုပူလောင်ပြင်းပြနေခဲ့တော့
ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ပန်းတွေလည်း
နေရောင်အောက်မှာ မပွင့်တော့ဘူး....။
ကိုယ်မှားယွင်းစွာ လက်ခံမိခဲ့တယ်.....
တစ်ကယ်တော့ အချစ်ဆိုတာ...
နေရာအတည်တကျမရှိတဲ့ လိပ်စာလို
အဆုံးအစမရှိတဲ့ ကောင်းကင်လို......
ဖမ်းဆုတ်လို့မရနိုင်တဲ့ တိမ်တွေလိုပါပဲလားကွယ်...။
ခုတော့ စက်တင်ဘာနေ့ရက်လေးတွေမှာ
သစ်ရွက်ကြွေလည်းရူး...မိုးတွေရွာလည်း မထူးဆိုသလို
မျှော်လင့်ချက်မဲ့ အလွမ်းတွေနဲ့
ငါ့ဘ၀ရဲ့ ရက်စွဲတွေမှာရှင်သန်
တစ်ကယ်ပါ “....” ရယ် ....
ငါမင်းကိုတစ်ရက်မှ မေ့လို့မရခဲ့ဘူး ...။

စက်တင်ဘာလ - ကျမရဲ့ပတ်ဝန်းကျင် မှာတော့ ဘယ်နေရာကိုပဲကြည့်ကြည့် မြေပြင်ပေါ်မှာ သစ်ရွက်လေးတွေတစ်ဖြုတ်ဖြုတ်ကြွေကျနေခဲ့တယ်....
ဟိုး....အဝေးတစ်နေရာမှာတော့ သဘာဝရဲ့အအေးဓါတ်တွေနဲ့အတူ မိုးတွေတစ်ဖွဲဖွဲရွာနေကောင်းရဲ့....ဘယ်လိုပဲဖြစ်ဖြစ် ကျမဘ၀မှာ 
စက်တင်ဘာဆိုတာ ဘယ်သောအခါမှ အဆုံးမသတ်တတ်တဲ့ကဗျာ...
သံသရာစက်ဝန်းရဲ့တစ်နေရာက အလွမ်းမှတ်တိုင်လေးတစ်ခုပါပဲ.... )

နှင်းဟေမာ
9 -9- 2009
1:20 AM

0 မှတ်ချက်:

Post a Comment