သင်းရနံ့ ဆင်းအလှတွေနဲ့
ကျိုးနွံစွာ ခစားလည်း
ပင်ယံမြင့်မှာ
တင့်တယ်စွာ မနေရ၊
စည်းကမ်းမဲ့ လိုသလို ချူ
ပူပြင်းတဲ့မြေပြင်မှာ
ချွေနင်းတာ ခံရရှာ။

ဟန်မာယာ ပြောင်မြောက်လေတော့
ကြောင်တောင်တောင် နှလုံးသားလေး
လှိုင်းဒဏ်တွေ တလိမ့်လိမ့်အောက်
ရောက်ပြီးရင်း ရောက်ပေါ့။

နေပူ မြေပူ ကြား လူတစ်ယောက်
တစ်ထောက်ခိုနားရာ မျှော်ရှာပြီလေ၊
ဖြတ်ကျော်ပြီး မိုင်တိုင်တွေ
တစ်ဆယ်ကျော် တစ်ရာရောက်လည်း
ဆက်လျှောက်ဖို့က မိုင်ထောင်ချီ။

ပေးသလို ပြန်ရမယ်ဆိုတဲ့
ကလေးဆန်စိတ်လေးလည်း
အတွေ့အကြုံ အကြိမ်ကြိမ်တို့အောက်
မတောက်တခေါက် လူကြီးဆန်ခဲ့ပါပြီ။

အချိုပေးလို့ အချိုမရ
အခါးပေးတော့ ခါးတူပေါ့
ဒီလောကဒဏ်နိယာမ
တစ်ဆတစ်ဆ သိခဲ့ရပြီလေ။

အဆိပ်သင့် ရွှေသမင်
အလွမ်းသင့် အလွမ်းနှင်းဆီ
အခြေမတူ အနေမတူလည်း
ရွှေရင်ပူတာက ထပ်တူကျ၊
ကြွေမွလု နှလုံးသားနဲ့
ဒီဘ၀အကြွင်းအကျန်ကို
ရဲသွေးရဲမာန် လွှမ်းနေဆဲပါပဲလေ။

အလွမ်းနှင်းဆီ
21.5.2014
8:50 PM

0 မှတ်ချက်:

Post a Comment