ချိုးလို ချိုး ဖဲ့လို ဖဲ့
ရွဲ့စောင်းတဲ့ဘ၀ ဖြစ်မတတ်၊
ယုတ်မာချက်တွေ ရာနှုန်းပြည့်လည်း
အပွင့်တွေက ဆင့်ဆင့်ပွင့်
အရိပ်လေးက အေးမြဲအေး၊
နွေးထွေး အပြုံးနဲ့
အလုံးအရင်း လာခဲ့ပါ
လှမ်းခေါ်မြဲသာ။

ကမ်းလက်ကို ဆွဲခေါ်တင်
လှမ်းလက်ကို ဆွဲကိုင်တက်
အမြင်မတော် ဘ၀လေးတွေ
တော်သင့် တန်သင့် ရှိစေမယ်၊
ရဲရဲဆွဲ မြဲမြဲကိုင်
ပန်းတိုင်ရောက်အောင်လေ။

ဆဲသံ ဆိုသံ တညံညံ
ကဲ့ရဲ့ ဝေဖန် အတန်တန်
လောကဒဏ်က အံခဲလည်း
ခရီးခဲကို ကျော်ရမှာ၊
လုပ်သူက လုပ်
 ပြောသူက ပြော
မောတော့ ရပ်လိမ့်မယ်။

အကူမဲ့ ဘဝ
ဆွေးအပူတွေက ၀ိုင်းအုံကျဲ
မ၀ံ့မရဲ မျက်နှာငယ်
ဒီနေရာမှာ သင်ဖြစ်နေရင်၊
ဒီအဖြစ်မျိုး ငါ ဖြစ်နေရင်၊
ကိုယ်ချင်းစာ အပြုံးဓမ္မနဲ့
နှလုံးလှ ပိုင်ရှင်ဖြစ်ပါရစေ

အလွမ်းနှင်းဆီ
21.5.2014
9:23 PM  

0 မှတ်ချက်:

Post a Comment